(ဂီတသံ) ကျွန်တော်က အောင်မြင်မှုအကြောင်းကို ပြောသူဆိုတော့၊ လူတွေက မကြာခဏဆိုသလို ကျွန်တော့ကို "လှုံ့ဆော် ဟောပြောရေးသမား"လို့ ခေါ်ကြပါတယ်။ ကျွန်တော်ဟာ လှုံ့ဆော် ဟောပြောရေးသမား မဟုတ်တာကို အစမှာကို ပြောထားချင်ပါတယ်။ ကျွန်တော်ဟာ အရပ်အရ မမှီနိုင်ပါ။ ပြီးတော့ တစ်ယောက်ကိုမှ လှုံ့ဆော်နိုင်သူ မဟုတ်ပါ။ တကယ်တော့ ကျွန်တော့ လုပ်သားတွေက ကျွန်တော့ကို စိတ်ဓာတ်ကျဆင်းစေတဲ့ ဟောပြောရေးသမားလို့ ခေါ်ကြတယ်။ ကျွန်တော် အားထုတ်နေတာက အချက်အလက်တွေကို အသိပေး ဟောပြောနေခြင်းပါ။ ကျွန်တော်ဟာ အပြင်ထွက်လေ့လာခဲ့ပြီး အောင်မြင်မှု အကြောင်း အချက်တွေကို ရှာတွေ့ခဲ့တယ်၊ အဲဒါကို မျှဝေပေးဖို့ အခုဒီမှာ ရပ်နေပါတယ်။ ကျွန်တော့ရဲ့ အဲဒီလို ဘဝဇာတ်ကြောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက၊ လေယာဉ်ပေါ်မှာ စတင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ကယ်လီဖိုနီယားမှာ ကျင်းပမယ့် TED ကွန်ဖရင့်ကို သွားနေတုန်းပါ။ ကျွန်တော်နဲ့ ကပ်လျက် ဆယ်ကျော် ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်၊ သူဟာ တကယ့်ကို ဆင်းရဲတဲ့ မိသားစုမှ ဖြစ်ခဲ့လို့ ဘဝထဲမှာ တစ်ခုခုကို အောင်မြင်ဖို့ လိုလားနေခဲ့တယ်။ ကျွန်တော့ ကွန်ပျူတာပေါ်မှာ အလုပ်များနေတုန်း သူဟာ မေးခွန်းတွေကို မေးနေပါတော့တယ်၊ အဲဒါနဲ့ လုံးဝမျှော်လင့်မရပဲ "ခင်ဗျားဟာ အောင်မြင်သူလား?"မေးလာတယ်။ ကျွန်တော်က၊ "မဟုတ်ဘူး၊ အောင်မြင်သူ မဟုတ်ဘူး"။ Terry Fox ကမှ ကျွန်တော့ ဟီရိုးကြီးပါ၊ သူဟာ အခုဆို အကြီးအကျယ် အလုပ်ဖြစ်နေပြီ။ သူဟာ ကင်ဆာကြောင့် ခြေတစ်ဘက် ဆုံးရှုံးလိုက်ရတယ်၊ အဲဒီနောက်မှာ သူဟာ မိုင်ထောင်ချီပြေးကာ ကင်ဆာ သုတေသနအတွက် ရန်ပုံငွေ သန်းချီ စုစည်းနိုင်ခဲ့တယ်။ ဒါမှမဟုတ် Bill Gates ဆိုပါစို့၊ ကိုယ်ပိုင် လေယာဉ်ကိုတောင် ပိုင်ထားသူလေ၊ သူဆိုရင် သူ့ကို မေးခွန်းတွေ မေးတတ်တဲ့ ကလေးမလေး ဘေးမှာထိုင်မနေပါဘူး။ (ရယ်မောသံများ) အဲဒီနောက်မှာ ကျွန်တော်ဟာ သူ့ကို လုပ်ကိုင်ခဲ့ဘူးတဲ့ ကိစ္စတစ်ချို့ကို ပြောပြတယ်။ ကျွန်တော် ဆက်သွယ်ပြောကြားရတာကို ကြိုက်တယ်၊ ဈေးကွက်တင်မှုဆိုင်ရာ ဆုတွေ ရရှိထားသူပါ။ ကျွန်တော်ဟာ ပြေးရတာကို ဝါသနာပါတယ်၊ ကျွန်တော့ရွယ်တူတွေ အကြားမှာ နိုင်တာရှိပါတယ်။ အသက် ၆၀ ကျော် အဖိုးအိုတွေ အကြားမှာလေ။ မာရသွန်အတွက် ကျွန်တော်ရဲ့ အမြန်ဆုံး စံနှုန်းက နှစ်နာရီ ၄၃ မိနစ်ပါ၊ ၂၆ မိုင်၊ တစ်နည်း ၄၂ ကီလိုမီတာကို ပြေးတာလေ။ ကျွန်တော် ကမ္ဘာ့တိုက်ကြီး ခုနှစ်ခုစလုံးပေါ်မှာ မာရသွန်တွေ အကြိမ် ၅၀ ကျော် ပြေးခဲ့သူပါ။ ဟောဒါက ကျွန်တော့ဇနီး နဲ့ ကျွန်တော် ပီရူးနိုင်ငံထဲက Machu Picchu ဒေသက Inca လမ်းကြောင်းပါ။ တိုက်ကြီး ခုနစ်ခုမှာ ပြေးခဲ့သူဖြစ်လာဖို့၊ ကျွန်တော်တို့ဟာ အန္တာတိတ်မှာ ပြေးဖို့ လိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကို ရောက်သွားတော့၊ အခြေအနေ သိပ်မကောင်းခဲ့လို့၊ စိတ်ငြိမ်အောင် လုပ်ခဲ့ရတယ်။ လှိုင်းတွေ မြင့်လွန်းခဲ့လို့ ကျွန်တော်တို့ဟာ ကမ်းပေါ်ကို မဆင်းနိုင်ခဲ့ကြပါ။ အဲဒါနဲ့ တောင်ဘက်ကို မိုင် ၂၀၀ လောက် လှော်ခဲ့ကြကာ ငြိမ်တဲ့ ပင်လယ်ကို ရှာခဲ့ရတယ်၊ ပြီးတော့ ၂၆ မိုင် မာရသွန်ကြီးကို လှေပေါ်မှာပဲ ပြေးခဲ့ရတယ်။ သေးငယ်တဲ့ လှေရဲ့ ကုန်းပတ်ပေါ်မှာ ၄၂၂ ပတ် ပတ်ပြေးခဲ့ကြတယ်။ ကျွန်တော့ဇနီး နဲ့ ကျွန်တော်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင် နှစ်လုံးကိုလည်း တက်ခဲ့ကြပါတယ်၊ တိုက်ကြီးတိုင်းထဲက အမြင့်ဆုံး တောင်တွေလေ။ အမေရိက တိုက်ကြီးထဲက အမြင့်ဆုံးတောင် Aconcagua ကို တက်ခဲ့ကြတယ်၊ ပြီးတော့ အာဖရိကတိုက်ထဲက အမြင့်ဆုံး Kilimanjaro လည်းပါတာပေါ့၊ စကားစပ်လာလို့၊ အမှန်ကို ဝန်ခံပြောရရင်၊ ကျွန်တော်ဟာ Kilimanjaro ခရီးကို လက်လွတ်လိုက်ရတယ်၊ ကျွန်တော်ဟာ အမြင့်ပိုင်းဆိုင်ရာ ရောဂါဖြစ်လာတယ်၊ ကျွန်တော့ဇနီးက စာနာဖေါ်တောင် မရခဲ့ဘူး၊ ကျွန်တော်က ရုန်းကန်နေတုန်း သူဟာ ထိပ်အထိ တက်ပြေးပြန်လာခဲ့တယ်။ ဒါပေမဲ့၊ ကျွန်တော်တို့ နှစ်ဦးဟာ၊ ၃၅ နှစ်ကျော်နေတာတောင်၊ ဘယ်သွားသွား အတူတူရှိနေတုန်းပဲ။ ကျွန်တော်စိတ်ထင် အဲဒါဟာ ဒီလိုအရွယ်အတွက် အောင်မြင်မှုပဲလို့ ထင်တယ်။ အဲဒါကို ကျွန်တော်က ကလေးမလေးကို ပြောပြခဲ့တယ်၊ "အန်ကယ်ကတော့ အောင်မြင်မှု တစ်ချို့ရှိတယ်လို့ ထင်တာပဲ။" ဒီလိုဆိုရင်၊ "ကောင်းပြီ၊ အန်ကယ်က သန်းကြွယ်သူဌေးလား?" အဲဒါကို ကျွန်တော်က ဘယ်လိုဖြေရမှန်း မသိ၊ ကျွန်တော်တို့ ခေတ်တုန်းက ငွေအကြောင်း ပြောဆိုမှုဟာ မကောင်းဘူးတို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့၊ ကျွန်တော်ဟာ အမှန်ကိုအမှန်အတိုင်း ဖြေရန် ဆုံးဖြတ်လိုက်တယ်၊ "ဟုတ်တယ်၊ အန်ကယ်ဟာ သန်းကြွယ်သူဌေးပါ၊ ဒါပေမဲ့ အဲဒါ ဘယ်လို ရလာခဲ့တာကို မသိဘူး၊ အန်ကယ်ဟာ ငွေကို လိုက်ရှာနေခဲ့သူ မဟုတ်ခဲ့ဘူး၊ ပြီးတော့ အဲဒါဟာ အန်ကယ်အတွက် သိပ်အရေးမကြီးခဲ့ဘူး။" ဒါနဲ့သူက၊ "အန်ကယ်အတွက် မဟုတ်နိုင်ပေမဲ့၊ ကျွန်မအတွက် အရေးကြီးတယ်၊ တစ်သက်လုံး ဆင်းရဲသူ မဖြစ်ချင်ဘူး၊ တစ်ခုခုကို အောင်မြင်ချင်တယ်၊ ဒါပေမဲ့၊ အဲဒါ ဘယ်တော့မှာမှ ဖြစ်လာမှာ မဟုတ်ပါဘူးလေ။" "ဘာဖြစ်လို့ ဖြစ်မလာမှာလဲ?" သူက၊ "အန်ကယ် မြင်ရတဲ့အတိုင်းပဲလေ၊ ကျွန်မ သိပ်တော်သူ မဟုတ်ဘူး။ ကျောင်းမှာလည်း အတော်ကြီး မဟုတ်ဘူး။" "အဲဒီတော့ ဘာဖြစ်ရမှာလဲ? အန်ကယ်လည်း မတော်ပါဘူး။ အထက်တန်းကျောင်း အောင်ဖို့ မနည်းကြီး လုပ်ခဲ့ရတာ။ အန်ကယ်နဲ့အတူ ဘာဆိုဘာမှန်း ပါလာခဲ့တာ မဟုတ်ဘူး။ အန်ကယ်ဟာ လူကြိုက်အများဆုံး ဒါမှမဟုတ် အောင်မြင်ဖို့ အလားအလာ အရှိဆုံးမဟုတ်ခဲ့ဘူး။ အန်ကယ် စလုပ်ကိုင်ခဲတဲ့ လုပ်ငန်းအသစ် တစ်သီကြီးဟာ ကျဆုံးဖို့သာ များခဲ့တာ။ ဒါပေမဲ့ အဆုံးပိုင်းမှာကျတော့ အန်ကယ့်အခြေအနေ ကောင်းလာခဲ့တယ်။ ဒီတော့ အန်ကယ်က လုပ်လို့ရနိုင်ခဲ့တယ်ဆိုတော့ နင်လည်း လုပ်နိုင်ရမှာပေါ့။" အဲဒီနောက်မှာ သူဟာ အကြီးမားဆုံး မေးခွန်းကို မေးလိုက်တယ်: "ကောင်းပြီ၊ အောင်မြင်မှုဆီကို တကယ် ခေါ်ဆောင်ပေးနိုင်တာက ဘာတွေလဲ?" ကျွန်တော်က "ဒုက္ခပဲ၊ အန်ကယ် ဘယ်လိုလုပ် သိနိုင်မှာလဲ။ တစ်နည်းနည်းနဲ့ အန်ကယ် လုပ်နိုင်ခဲ့ပေမဲ့၊ ဘယ်လို လုပ်နိုင်ခဲ့တာကို မသိဘူး။" အဲဒီနောက်မှာ ကျွန်တော်ဟာ လေယာဉ်ပေါ်မှ ဆင်းလိုက်ကာ TED ကွန်ဖရင့်ကို သွားခဲ့တယ်၊ ကျွန်တော်ဟာ သိပ်ကို အောင်မြင်တဲ့လူတွေနဲ့ ပြည့်နေတဲ့ ခန်းမကြီးထဲမှာ ရပ်နေခဲ့တယ်၊ စီးပွားရေးလုပ်ငန်း၊ သိပ္ပံပညာ၊ အနုပညာ၊ ကျန်းမာရေး၊ နည်းပညာ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ အကြားရပ်နေတုန်း ကျွန်တော် ဖြတ်ခနဲ တွေးမိတာက: သူတို့ကို အောင်မြင်အောင် လုပ်ပေးခဲ့တာက ဘာလဲကို သူတို့ကို မေးကြည့်ရင်ကော၊ လူတစ်ဦးစီကို အောင်မြင်ရေးဆီကို ရှေ့ဆောင်ခေါ်ပေးတာက ဘာတွေများပါလိမ့်? အဲဒါနဲ့ ကျွန်တော်ဟာ အဲဒီလို ဧရာမပုဂ္ဂိုလ်ကြီးတွေကို မေးကြည့်ဖို့ စိတ်လှုပ်ရှားနေခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ သံသယစိတ်လည်း ရှိနေခဲ့တယ်။ အဲဒီလူတွေဟာ ကျွန်တော့်ကို ဘာဖြစ်လို့ ပြောပြချင်ကြရမှာလဲ? ကျွန်တော်ဟာ နာမည်ကြီး သတင်းစာဆရာမဟုတ်ဘူး။ သတင်းစာ တစ်ယောက်ကို မဟုတ်တာ။ အဲဒါကြောင့်မို့လို့ စတောင်မစရသေး အဲဒီစီမံကိန်းကို ရပ်စဲပစ်ဖို့ အသင့်ဖြစ်နေပြီ၊ အဲဒီအချိန်မှာ တိုက်ဆိုင်လို့ ကျွန်တော့ဆီကို မျက်နှာမူ လျှောက်လာတာက Ben Cohen ကိုယ်တိုင်ဗျ၊ နာမည်ကြီး Ben and Jerry's ရေခဲမုန့်ကို ထူထောင်ခဲ့သူပါပဲ။ အဲဒါနဲ့ အခုမေးရင်မေး၊ ဒါမှမဟုတ် ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ နားလည်လိုက်တယ်၊ သူ့ရှေ့မှာ ခုန်ရပ်လိုက်ကာ "Ben ခင်ဗျာ၊ ကျွန်တော့ဆီမှာပရိုဂျက် တစ်ခုရှိတယ်။ ခင်ဗျားကို ဘာကိုမေးရမှန်းတောင် မသိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို အောင်မြင်အောင် လုပ်ပေးခဲ့တာက ဘာများလဲ?" "ရပါတယ်၊ လာပါ၊ ကော်ဖီ သောက်ကြရအောင်။" ကော်ဖီ နဲ့ ရေခဲမုန့်ကို သောက်သုံးနေစဉ် Ben ဟာ သူ့အကြောင်းကို ပြောပြတယ်။ အဲဒီနောက်မှာ ဆယ်နှစ်ကုန်သွားလို့ ကျွန်တော်တို့ အခု တွေ့ဆုံနေကြရတာပါ၊ ကျွန်တော်ဟာ အောင်မြင်တဲ့ လူတွေ ၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါပြီ၊ လူချင်း တွေ့ဆုံလျက် အောင်မြင်မှု ပုံပြင်တွေ ထောင်ချီကို စုစည်းနိုင်ခဲ့ပါတယ်။ နယ်ပယ်အသီးသီးထဲက အောင်မြင်မှုတွေထဲက တူတဲ့အချက်တွေကို ရှာလိုခဲ့ပါတယ်၊ အဲဒါကြောင့်မို့လို့ ကျွန်တော်ဟာ A မှ Z အထိ ရာထူးမျိုးစုံမှာ ရှိသူတို့ကို တွေ့ဆုံခဲ့တယ်၊ ဒါတွေကတော့ အက္ခရာ A ထဲက သူတွေပါ၊ ကိစ္စအများစုထဲမှာ လူတစ်ယောက်မကခဲ့ပါ။ ကျွန်တော်ဟာ ကျော်ကြားကြတဲ့ စာရင်းကိုင် ခြောက်ဦးကို တွေ့ဆုံမေးကြည့်ခဲ့တယ်၊ ကုမ္ပဏီကြီးကို စစ်ဆေးတဲ့လူ ငါးဦး၊ အာကာသထဲ ရောက်ခဲ့ဘူးကြတဲ့ အာကာသယာဉ်မှူး ငါးဦး၊ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုရ အကယ်ဒမီဆုရှင် လေးဦး၊ ကမ္ဘာ့ထိပ်သီး နက္ခတရူပဗေဒ ပညာရှင် သုံးဦး၊ ကမ္ဘာ့နာမည်ကြီး ဗိသုကာပညာရှင် ခြောက်ဦး၊ ပြီးတော့၊ နိုဘယ်ဆုရှင် လေးဦးလည်း ပါကြသေးတယ်။ သူတို့ဟာ A ထဲက မဟုတ်ပေမဲ့၊ အားတက်စရာကြီး ပါပဲ။ ဒီနေရာကနေပြီး ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း တွေ့ဆုံမေးမြန်းနိုင်ခဲ့တဲ့ အဲဒီလို မဟာပုဂ္ဂိုလ်ကြီးတွေ အားလုံးကို ကျေးဇူးတင်လိုတာကို ပြောလိုပါတယ်။ ဒါတွေဟာ တကယ့်ကို သူတို့ရဲ့ အထ္ထုပတ္တိတွေပါ၊ ကျွန်တော်က သတင်းပါးပေးသူမျှပါ။ တကယ့်အားထုတ်ခဲ့ရတဲ့အချက်က သူတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို စကားလုံး တစ်လုံးချင်းစီ၊ တစ်ကြောင်းချင်းစီ၊ ဆန်းစစ်လေ့လာမှုပါပဲ၊ သူတို့ကို အောင်မြင်အောင် ကူပေးခဲ့တယ်လို့ သူတို့ဆိုခဲ့တာတွေကို ခွဲခြားစီပေးဖို့ ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာ လူတွေအများစုရဲ့ အောင်မြင်မှုဆိုင်ရာ ဧရာမ အချက်ကြီးတွေကို တွေ့မြင်လာနိုင်ပါတော့တယ်။ ကျွန်တော်ဟာ စာလုံးတွေ သန်းပေါင်းများစွာတို့ကို ယူပြီး လေ့လာဆန်းစစ်ခဲ့ရပါတယ်။ အဲဒါ ဘယ်လောက်ကြီးမားတဲ့ အလုပ်ဖြစ်မှန်း ခင်ဗျားတို့ နားလည်ကြရဲ့လား? နေ့ရော ညာမှာပါ ကျွန်တော် တစ်ချိန်လုံး လုပ်နေတာက-- ခွဲခြမ်း ဆန်းစစ်မှုပါပဲ။ ကျွန်တော်ဟာ နောက်တစ်ခါများ လေယာဉ်ပေါ်မှာ ခုနကလိုမျိုး ကလေးကို တွေ့ခဲ့ရရင်... ကျွန်တော်ဟာ အဲဒီကလေးမလေးကို ကျေးဇူးတင်လိုပါတယ်။ ကျွန်တော်ရဲ့ ဘဝဟာ ပျော်စရာကြီး ဖြစ်ခဲ့မှာမဟုတ်ဘဲ စိတ်ဝင်စားစရာ လူတွေကိုလည်း တွေ့ဆုံခဲ့မှာ မဟုတ်ပါဘူး။ အခုတော့ သူမေးလိုက်တဲ့ မေးခွန်းကို ကျွန်တော် ဖြေနိုင်ပါပြီ။ အဲဒီ အောင်မြင်တဲ့ လူတွေ အားလုံးထဲက အောင်မြင်ရေး အချက်ကြီး ရှစ်ချက်ကို တွေ့ထားပါပြီ၊ မဟာပုဂ္ဂိုလ်ဖြစ်ဖို့ ရှစ်ချက်ပါပဲ: ကိုယ်လုပ်ကိုင်တာကို မြတ်နိုးပါ၊ အားထုတ် လုပ်ကိုင်ပါ၊ အရာတိုင်းကို မဟုတ်ဘဲ အရာတစ်ခုတည်းကိုသာ အာရုံပြုပါ၊ ကိုယ့်ကိုကိုယ် တွန်းပေးနေပါ၊ ကောင်းမွန်တဲ့ အယူအဆတွေကို ကြံဆနေပါ၊ ကိုယ့်ကိုကိုယ်၊ ကိုယ်လုပ်ကိုင်နေတာကို မြှင့်တင်နေပါ၊ အခြားသူတို့အား တန်ဖိုးရှိတာ တစ်ခုခုကို လုပ်ကျွေးပါ၊ အောင်မြင်မှုဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ပါ၊ ပြီးတော့ ဇွဲလုံ့လရှိပါ၊ နေ့ချင်းညချင်း ရတဲ့ အောင်မြင်မှုမျိုး မရှိနိုင်လို့ပါ။ ဘာဖြစ်လို့ အဲဒါတွေကိုမှ ကောက်ယူရခဲ့တာလဲ? ကျွန်တော့လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတွေထဲက အချက်တွေကို ချရေးလိုက်တော့၊ အခြားအချက်တွေနဲ့ စာရင် ခုနက ပြောခဲ့တဲ့ ရှစ်ချက်တွေကမှ သူတို့ကို အများဆုံးကူပေးခဲ့တာလို့ သူတို့ ထောက်ပြခဲ့ကြလို့ပါ။ အဲဒီ အချက်ရှစ်ချက်တို့ကမှ တကယ့်ကို အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်ခဲ့ကာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် လိုအပ်တဲ့ အထူးကျွမ်းကျင်မှုတွေကို သုံးပြီး တည်ဆောက်ဖို့အတွက် အုတ်မြစ်ကြီးပါပဲ။ နည်းပညာပိုင်း ကျွမ်းကျင်မှုများ၊ ဆန်းစစ်ရေး ကျွမ်းကျင်မှုများ၊ အများပြည်သူဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဖန်တီးတီထွင်ရေး ကျွမ်းကျင်မှုများ -- များလှတဲ့ အခြားသော ကျွမ်းကျင်မှုများကို ကျွန်တော်တို့ ထပ်လောင်းထည့်ပေးနိုင်တယ်၊ ကိုယ့်နယ်ပယ် အလိုက်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ ဘယ်နယ်ပယ်ထဲမှာ ရှိနေနေ၊ ခုနက ပြောပြခဲ့တဲ့ အချက်ရှစ်ချက်တို့ဟာ အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်နေမှာ သေချာတယ်။ (လက်ခုပ်သံများ)